ရာသီဥတုပူလို့ ဦးနှောက်သွေးကြော ပြတ်တာလား
ရာသီဥတု အရမ်းပူတယ်နော်။ ဂရုလည်း စိုက်ဦး။ ဦးနှောက်သွေးကြောတွေလည်း ပြတ်တော့မယ်ဆိုပြီး ကြားဖူးကြမှာပေါ့။ ဒါက တကယ်ပဲလား? ရာသီဥတု ပူပြင်းမှုက ဦးနှောက်သွေးကြောပြတ်စေနိုင်လား? ဆိုတာကိုတော့ အတူတူ လိုက်လေ့လာလိုက်ရအောင်နော်။
နွေရာသီက ပျော်စရာတွေနဲ့အတူ ရောဂါတွေကို သယ်ဆောင်လာတတ်ပါတယ်
နွေရာသီက ပျော်စရာကောင်းသလို အားလပ်ရက်တွေနဲ့ ပြည်နေတတ်ပြီး ခရီးသွားရာသီဆိုလည်း ဟုတ်ပါတယ်။ ဒီလို ရာသီဥတု ပူနေချိန်မှာ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးတာ၊ အပူလျှပ်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေက များသလို ရောဂါအခံ ရှိသူတွေမှာလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
နွေအရမ်းပြင်းတဲ့အချိန်မှာ ဦးနှောက်သွေးကြောပြတ်တာက အဖြစ်များလားဆိုတော့ အဖြစ်များပါတယ်။ ဘယ်လို လူတွေမှာလဲဆိုတော့ သွေးတိုးရောဂါရှိတဲ့သူတွေမှာပါ။ သွေးတိုးရောဂါ ရှိတဲ့သူတွေအနေနဲ့ ပုံမှန်အချိန်မှာတောင် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားကြရတာပါ။ ဒီလို ခံစားရနိုင်ခြေက နွေရာသီမှာ ပိုများနေတတ်ပြီး သေချာ ဂရုမစိုက်ဘဲ နေမယ်ဆိုရင် ဦးနှောက်သွေးကြောပြတ်တာလိုမျိုး နောက်ဆက်တွဲပြဿနာတွေကို ခံစားလာရနိုင်ပါတယ်။
နွေရာသီမှာ ဦးနှောက်သွေးကြောပြတ်နိုင်ခြေ များတာက သွေးတိုးရောဂါ ရှိသူတွေမှာပဲလား ဆိုတော့ မဟုတ်ပါဘူး။ အဝလွန်တဲ့သူတွေမှာလည်း နွေပူနေချိန်မှာ ဦးနှောက်သွေးကြောပြတ်တာက ဖြစ်နိုင်ခြေ တော်တော်လေး များနေပါတယ်။ သွေးတိုးရောဂါ ရှိသူတွေထဲမှာမှ ဆရာဝန်နဲ့ ပုံမှန် မပြတာ၊ ဆေးတွေကို ပုံမှန် မသောက်တာ၊ အထိုင်များတာ၊ အစားအသောက်တွေကို သေချာ ဂရုမစိုက်တဲ့သူတွေမှာ ဦးနှောက်သွေးကြော ပြတ်နိုင်ခြေက ပိုများနေပါတယ်။
နွေအပူဒဏ်ကြောင့် ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေမှာလည်း ဦးနှောက်သွေးကြောပြတ်တာက ဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။
နွေရာသီမှာ အခုလို အခြေအနေကလည်း ဦးနှောက်သွေးကြောပြတ်နိုင်ခြေ များစေပါတယ်။ ဘယ်လို အခြေအနေ လဲဆိုတော့ ရေဓာတ်ခမ်းခြောက်တာပါ။ လူတွေရဲ့ ဦးနှောက် ၈၀ ရာခိုင်နှုန်းက ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ နွေရာသီမှာ ဦးနှောက်သွေးကြောပြတ်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခုကတော့ ကိုယ်တွင်းမှာ အပူချိန် မြင့်တက်မှုနဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့်ပါ။ ဒါကြောင့် နွေပူနေချိန်မှာ ရေများများ သောက်ပါ။ ရေဓာတ်ဆုံးရှုံးစေနိုင်တဲ့ ကော်ဖီတွေ၊ အမြှုပ်ထတဲ့ အချိုရည်တွေကို ရှောင်ပါ။ အရက်၊ ဘီယာစတာတွေကိုလည်း မသောက်ပါနဲ့။
နွေရာသီမှာ ရေဓာတ် ပြည့်ဝနေမှသာ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန် အပါအဝင် အခြားသော ပြောင်းလဲမှုတွေ မဖြစ်မှာပါ။ တစ်နေ့ကို ရေ ၂ လီတာ ခွဲကနေ ၃ လီတာလောက် သောက်ဖြစ်အောင် သောက်ပေးပါ။
ရာသီဥတုပူတာကြောင့် ထိခိုက်မှု ကင်းစေဖို့
ရာသီဥတု ပူတာကြောင့် ထိခိုက်မှု ကင်းစေဖို့အတွက် မအီမသာ ဖြစ်နေလား၊ အော့အန်နေလား၊ ခေါင်းက မခံမရပ်နိုင်အောင် ကိုက်နေလား၊ သတိလစ်တာမျိုး ရှိလား၊ ခန္ဓာကိုယ်က အစိတ်အပိုင်း တစ်ခုခု လှုပ်လို့မရတာမျိုး ဖြစ်လား၊ အိပ်ရေးပျက်နေတာမျိုး ဖြစ်လား၊ စကားလုံးတွေ ဗလုံးဗထွေးပြောတာမျိုးတွေ ဖြစ်လားဆိုတာကို စစ်ဆေးပါ။ ဒီလက္ခဏာတွေ ရှိနေမယ်ဆိုရင် အရေးပေါ်ဌာနကို ချက်ချင်းသွားဖို့ လိုပါမယ်။
အပူချိန် မြင့်တက်နေတဲ့ မနက် ၁၀ နာရီ ကနေ ၄ နာရီအတွင်း အပြင်မထွက်ဘဲ အေးမြတဲ့နေရာမှာပဲ နေပါ။ နေရောင်နဲ့ အချိန် ကြာမြင့်စွာ တိုက်ရိုက် ထိတွေ့တာမျိုး မလုပ်ပါနဲ့။ အပြင်ထွက်တဲ့အခါ ထီး၊ ဦးထုပ်စတာတွေကို ဆောင်းပါ။ သောက်နေကျဆေးတွေကို မှန်မှန်သောက်ပါ။ ရေများများ သောက်ပါ။
အချိုကဲ၊ အငန်ကဲတဲ့ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေကို လျှော့စားပါ။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ပါနဲ့။ ဆေးလိပ်ကို တတ်နိုင်သမျှ လျှော့သောက်ပါ။
မွန်မွန်